ကျွန်တော့်ဘဝ အကျဉ်း

A Brief Autobiography

အိမ်ပြေး၊ ကျောင်းပြေးကလေး​

၁၉၇၈ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကလေးမြို့နယ်၊ ကံဦးကျေးရွားမှာ ကျွန်တော် မွေးဖွါးခဲ့ ပါတယ်။ အိမ်ထောင်ကျတဲ့ အထိ အဲဒီရွာကလေးမှာပဲ ကြီးပြင်းလာခဲ့ပါတယ်။ အတန်းပညာကို ပဉ္စမတန်း အထိသာ သင်ယူခွင့် ရခဲ့ပါတယ်။

ဘဝပေးကြမ်းတမ်းလွန်းတာကြောင့် ကြီးပွါးတိုးတက်အောင်လုပ်မယ် ဆိုတဲ့စိတ်ကူးနဲ့ အိမ်ကနေ ထွက်ပြေးလာခဲ့ ပါတယ်။ ကျောင်းကနေ အပြီးထွက်ခဲ့ရတာသာ အဖတ်တင်ပြီး စိတ်ကူးထဲက ဘဝကတော့ မရခဲ့ပါဘူး။ တနှစ်အကြာမှာ လက်ချည်းဗလာနဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။

ဘဝဟာ စားရေးတခုသာ

၁၉၉၄ ခုနှစ်ကစပြီးတော့ အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်ခဲ့ပါတယ်။ လယ်ယာလုပ်ငန်း ကနေ သစ်ဝါးခုတ် အစုံ လုပ်ကိုင်ခဲ့ပါတယ်။ လုပ်လိုက်ရတဲ့အလုပ် အစားတလုတ် အဖို့သာ – ဝမ်းတထွာ ဖြည့်ဖို့ သက်သက်ပါ။

ဘဝကို လေးလေးနက်နက် စဥ်းစားသုံးသပ်ခဲ့တဲ့ ညတညကို အခုထိ မှတ်မိနေဆဲပါ။ ကိုယ့်ကိုကိုယ် ပြောနေခဲ့တာ ကတော့၊ ငါဘဝကို ဒီအတိုင်း ရှေ့ဆက်မသွား နိုင်ဘူး – အစားတလုတ်အတွက် တခုတည်းနဲ့ ရွှံ့နွံထဲ ရုန်းနေရတာ။ အဲဒါ ၁၉၉၇ ဇူလိုင်လထဲက ညတညမှာပါ။

နည်းသစ်နဲ့တွေ့

ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးဖြစ်တဲ့ အရှင်သုမဏ (ဘီအေ) ပြုစုတဲ့ နည်းသစ်အင်္ဂလိပ်သဒ္ဒါစာအုပ်နဲ့ အင်္ဂလိပ်စာကို ကိုယ့်ဟာကိုယ် လေ့လာသင်ယူ ခဲ့ပါတယ်။ အဲ့ဒီ အင်္ဂလိပ်သဒ္ဒါစာအုပ်ထဲက သင်ခန်းစာနဲ့ လေ့ကျင့်ခန်း တွေရဲ့ ၇၅% လောက် ပြီးခဲ့ပါတယ်။ အဲ့ဒီသဒ္ဒါစာအုပ်ကို သွားလေရာ ယူသွားပါတယ်။

အဲ့ဒီ လေ့လာမှု၊ ကြိုးစားခဲ့သမျှရဲ့ ရလဒ်က ၂၀၀၄ခုနှစ် ဇိုခရစ်ယာန် ဓမ္မကောလိပ် ဝင်ခွင့်ကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်စေ ခဲ့ပါတယ်။

အလျင်လို လမ်းကသွား

ရွာကဦးလေးကြီး တယောက်ဆီက ကြားခဲ့ဖူးတာက၊ “အလျင်လိုလမ်းကသွား”တဲ့။ ဟုတ်တာပေါ့။ အတိမ်းအစောင်း မခံတဲ့ အခြေနေမှာ သေချာတဲ့လမ်းကိုပဲ လိုက်သင့်ပါတယ်။ ဖြတ်လမ်း မလိုက်သင့်။

ကျွန်တော့်အသက် (၃၀)မှ ကွန်ပျူတာလက်ကွက်ကို စထိခဲ့တာပါ။ စာတပုဒ်ကို စီဒီပြားထဲ သိမ်းဖို့တောင် မလွယ်ခဲ့တာပါ။ ဒီကနေ့မှာတော့ ကျွန်တော်ဟာ Content Manager နှင့် WordPress Web Designer တယောက်အဖြစ် အချိန်ပိုင်း အလုပ်လုပ်နေပါတယ်။

ကျွန်တော်နားလည်တဲ့ ပညာဆည်းပူးခြင်း ဆိုတာ

အတန်းပညာကို ပုံမှန်စာသင်ကျောင်းကနေ သင်ကြားဖို့ အခွင့်အရေး မရှိခဲ့သူ တယောက်အနေနှင့် နန်းတော်ထဲက ဘုရင့်ပွဲတော်တည်တဲ့ နေရာမှာ စားခွင့်မရပေမယ့် ဒါကိုစိတ်ပျက် အားငယ်ပြီး ငုတ်တုတ်ထိုင်ငို နေရုံနဲ့တော့ ဗိုက်ပြည့်လာမှာ မဟုတ်ပါဘူး။ ကိုယ်နေတဲ့ တဲအိမ်လေးထဲမှာပဲ ကိုယ့်ပညာ‌ဝမ်းတထွာ ပြည့်ဖို့ မဖြစ်မနေ၊ မရမက ရှိတာလေးကို ချက်ပြုတ်စားသောက်ပြီး ဖြည့်ရတာပါပဲ။

Book ဆိုတာ စာအုပ်လို့ သိထားရင် ဘယ်လိုနည်းနဲ့ပဲ သိလာသိလာ တရားမဝင်ဘူး၊ သုံးလို့ မရဘူး ဆိုတာ မရှိပါဘူး။ သိတာဟာ သိတာပါပဲ။ Book ဟာ စအုပ်ပါပဲ၊ ဟုတ်ပါတယ်၊ စာအုပ်ပါ။ ပိုကောင်းတာက တတ်ပြီးသား သိပြီးသားကို မသိလို့ မရတော့ တာပါ။ ဆိုတော့ Book ဆိုတာ စာအုပ်လို့ သိဖို့ ပေးရ ရင်းနှီးရတဲ့ အချိန်နဲ့ ကြိုးစာ အားထုတ်မှုက အားကြီး တန်နေပါသေးတယ်။

Licentiate In Theology

Zo Christian College
2004 - 2008
Kalay, Myanmar

Master Of Ministry

Seminari Theoloji Malaysia
2008 - 2010
Seremban, Malaysia

အသက်မွေးလောက်သော အစာအတွက်

ဘဝမှာ အခကြေးငွေနဲ့  ပထမဆုံး အလုပ်စလုပ် ခဲ့တာကတော့ ကလေး-တမူးလမ်းပိုင်း ရွာနယ်မြေအပိုင်းမှာ လမ်းပေါက် ချိုင့်ခွက် တွေကို သဲ၊ မြေစာ စတာတွေနဲ့ ဖြည့်၊ ဖို့၊ ဖာထေးရတဲ့ အရင်အခေါ် ပလက အလုပ်ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် အသက် (၁၃)နှစ် အရွယ်မှာ ဖြစ်ပါတယ်။ တရက်ကို (၂၅) ကျပ် ရခဲ့ပါတယ်။

စားပွဲထိုးကောင်လေး

ကျောင်းပြေး၊ အိမ်ပြေးဘဝနဲ့ မေမြို့ရပ်ကွက်ကြီး (၆)က Dynasty လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးနဲ့ အလုပ်စဝင်ပြီး ဖျော်ဆရာအဖြစ်နဲ့ ပြန်ထွက်လာခဲ့ပါတယ်။ ကျောင်းပညာရေးနဲ့ တသက်စာ ဝေးခဲ့ရတာကတော့ အိမ်အပြန် လက်ဆောင်ပေါ့။

လယ်သမား၊ ကိုင်းသမား

သူရင်းငှါးဘဝနဲ့ လူပျိုပေါက်ဘဝ အလုပ်စလုပ်ခဲ့ပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီမှာ တနင်္ဂနွေ ဘုရားကျောင်း တက်တဲ့နေ့မျိုးက လွဲရင် သီးသန့်နားရက်မရှိပါဘူး။ အလုပ်အကိုင်ကို ဖော်ပြပါ ဆိုရင်တော့ – တောင်သူ (လက်နဲ့လုပ် လက်နဲ့စား) ပေါ့။

သစ်ခုတ်၊ ဝါးခုတ်သမား

ဝဥတူး၊ သစ်ခွပန်းရှာ၊ ကိုင်းခုတ်၊ သစ်တောင်ပတ်ခုတ်၊ ထင်းခွေ၊ ငါးရှာ၊ ရေမြောင်းတူး၊ အုတ်ထင်းခွေ၊ ရိုးရာမပျက် တောင်ယာခုတ်၊ တောရိုင်းရှင်း၊ သစ်ငုတ်ကလော်၊ မျှစ်ရှာ .. လုပ်ငန်းအတွေ့အကြုံကို CV ဖောင်မှာ ဖြည့်ရမယ် ဆိုင်ရင်တော့.. ရှိသေးတယ်။

တိရစ္ဆာန်ဆေးခန်း သန့်ရှင်းရေး

တိရစ္ဆာန်ဆေးခန်း တခုမှာ သန့်ရှင်းရေးသမား အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ခွဲစိတ်ပစ္စည်းတွေကို ပေါင်းအိုးနဲ့ ပေါင်းပေးရတာကတော့ အသက်သာဆုံး အလုပ်ပေါ့။ ကျန်တာကတော့ ရှိရှိသမျှ အညစ်အကြေးတွေကို ဆေးရတာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။

သာမာန်ရုံးစာရေး

လီဆူကလေးမလေး တယောက် အကူအညီနဲ့ Table Tennis နဲ့ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို ရောင်းတဲ့ ကုမ္ပဏီတခုမှာ Data Entry Clerk နဲ့အလုပ်လုပ်ခဲ့ ပြန်ပါတယ်။ Microsoft Word, Excel တို့နဲ့ မိတ်ဆွေ ဖြစ်ခဲ့တာ အမြတ်ပါ။

WordPress Web Designer

တရွာမပြောင်း သူကောင်းမဖြစ် ဆိုသလို နောက် Industrial Supplies ကုမ္ပဏီတခုမှာ အလုပ်ပြောင်းခဲ့ပြီး IT Startup ကုမ္ပဏီတခုမှာ Content Writer, Functional Tester, WordPress Designer စသည် စသည်ဖြင့်..

သူတို့တွေ အားလုံးက အင်ဂျင်နီယာ/ နည်းပညာ ကောလိပ်၊ တက္ကသိုလ်တခုခု ကနေ ဘွဲ့ရထားကြသူတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်ကတော့ ကျမ်းစာကျောင်းထွက် တယောက်ပါ။ Technology နဲ့ Theology က ဒီနေရာမှာ လာဆုံနေကြတယ်။ တကယ်တော့ သူတို့က ဘာဆွေမျိုးမှ မတော်ကြပါဘူး။

ဘဝရဲ့ ဆောင်ပုဒ်

It's not difficult to start off but to go on, even more so to finish well.
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။ အဆုံးသတ်ကောင်းရန်မှာ ပို၍ခက်ချေသည်။

ဘဝပုံရိပ်ကဗျာ

ငါမသိတာ အများကြီးပါလား

ရေဆန်လမ်းက ခပ်ကြမ်းကြမ်း
အဝတ်တထည် ကိုယ်တခုနဲ့ ပညာတော်သင်ခရီး
လေယာဥ်ပျံကြီး ပျံတက်သွားပြီးသည့်တိုင်
ယုံတဝက်မယံတဝက် ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်တော့မလို့။

ရေ၊ မီး၊ နေစရာနဲ့ စားစရာ
ပြည့်စုံနေတဲ့ ဒီကျောင်းတော်အသစ်ကြီးမှာ
ညဘက်မီးပိတ်(ပြတ်)မယ့် အချိန်ကိုစောင့်ရင်း
အိပ်ယာဝင် နောက်ကျခဲ့ရ (မီးကမပြတ်ခဲ့ပါ)။

အသား၊ ငါး၊ အသီးအရွက် စုံလင်စွာ စားရတော့
ချင်းပဲ (ဘဲလီ)ပြုတ်ဆီသပ်၊ ချဥ်ပေါင်ရွက်ကြမ်းအရေသောက်
ငြုပ်သီးစိမ်းကိုက်စား၊ ဆောင်းမုန့်ညင်း၊ ကြက်သွန်မိတ်နဲ့
လေးနှစ်တာ အရင်ကျောင်းတော်ကြီးက အချိန်တွေအတွက် ဂုဏ်ယူမိတယ်။

နေ့ဘက်မှာ စာသင်ခန်းနဲ့ စာကြည့်တိုက်ထဲ အလုပ်ရှုပ်
ညဘက်မှာ အလွမ်းခန်းငယ်ထဲ မျက်ရည်ကျလိုက် ပြုံးလိုက်
အရင်က ဒိုင်ယာရီကို စာမျက်နှာပြည့် ‌ရေးတတ်တဲ့ ကျွန်တော်
အခုတော့.. အလွမ်းစာဖွဲ့နွဲ့ မရေးဖြစ်တော့ပါ (ဘာ့ကြောင့်မှန်း ကိုယ့်ကိုကိုယ်တောင်မသိ)။

မျက်နှာနဲ့စာအုပ်ကပ်ထား
ရှေ့ဆောင်အဘိဓါန်အထူကြီးကို သွားလေရာဆောင်ထား
လယ်ထွန်ခဲ့တဲ့ လက်ချောင်းခပ်ကြမ်းကြမ်းတွေနဲ့
ကွန်ပျူတာလက်ကွက်ကို ဟိုနှိပ်ဒီနှိပ်။

နက်ခ်သိုင်ကြီးတကားကား ကွင်းထိုးဖိနပ်နဲ့
အားလုံးအလယ်မှာ ကိုယ်သာဟာသ
အဆင်ပြေသလိုသာ ဆင်ရတာမို့
မရှိတာကို အတယ်လို့ အနက်ဖွင့်ခံခဲ့ရတဲ့ ငါ့ဘဝ။

ဆယ့်ငါးမိနစ် အားရပါးရ အင်္ဂလိပ်လို ပရီစင်တေးရှင်းလုပ်
ပြီးတော့မှ ဆရာက သူ့ဘေးကလူကို “သူဘာပြောသွားတာလဲ” လို့မေးယူရတဲ့အဖြစ်
‌ဒေါသထွက်လွန်းလို့ ကိုယ့်စိတ်ထဲမှာ တောက်အကျယ်ကြီးခေါက်
ဒေါသကို ဝရိယအဖြစ်ပြောင်း အားငယ်လက်မိုင်ချစရာ အကြောင်းမရှိ။

သူများ ခရက်ဒစ်နာရီ သုံးဆယ်နဲ့လုပ်တာကို ကိုယ်က ခြောက်ဆယ်နဲ့လုပ်ရမယ်တဲ့
ပိုသင်ရတော့ ပိုတတ်တာပေါ့လို့ ဖြေတွေး
အလျင်လိုရင် လမ်းကသွား
ဖြတ်လမ်းဆိုတာ အမြဲတမ်းကောင်းတာ မဟုတ်။

အားလုံးတတ်စရာမလို၊ အားလုံးရှိစရာမလို
ဖြစ်လည်း မဖြစ်နိုင်
တတ်သလောက်ကို ကောင်းကောင်းတတ်ဖို့က အဓိက
ရှိသလောက်ကို တန်ဖိုးထားတတ်ဖို့က အဓိက။

ကိုယ်ပိုင်ကားစီးပြီး ကျောင်းလာတက်သူနဲ့
ဘေးချင်းယှဥ်ထိုင်စာသင်
ပညာဟာ အားလုံးအတွက် ဆိုတဲ့အတွေးလေးနဲ့
အာရုံကိုစူးစိုက် စိတ်ကိုနှစ်။

နှစ်နှစ်တာ ကြိုးစာအားထုတ်ခဲ့သမျှ
ဘွဲ့တခုကို အရယူနိုင်ခဲ့ပြီ
ဘွဲ့လက်မှတ်ကိုကိုင်ပြီး စိတ်ထဲ ရေရွတ်နေတာက
“ငါမသိတာအများကြီးပါလား”။

မေးခွန်းရှိသမျှကို ဖြေနိုင်ချင်ခဲ့တဲ့
မောင်ဖြီးဖျန်းကျွန်တော်
အခုတော့
မသိတာကို မသိဘူးလို့ ပြောရဲပါပြီ။

ဆရာမောင်ခိုင် (The Well Finisher)