Wednesday, November 6, 2024

ကျွန်တော့်ဘဝ အကျဉ်း

A Brief Autobiography of Myself

မင်္ဂလာပါ၊ ကျွန်တော် ဆရာမောင်ခိုင်ပါ။

The Well Finisher Customized English Course ရဲ့ပင်တိုင် သင်ကြားပို့ချသူ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အပါအဝင် ဘဝမှာ သင်ယူမှတ်သား တတ်မြောက် လာခဲ့သမျှကို သမရိုးကျ နည်းလမ်းကနေ ခွဲထွက်ပြီး ဘဝရဲ့ အနိမ့်အမြင့်တွေကနေ တကယ်တွေ့ကြုံခံစားပြီး သင်ယူခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပို့ချချက်တိုင်းကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ သင်ပြပို့ချပေးပါတယ်။

အသေအချာ ပြောရဲတာတခုကတော့ အကုန်သိ၊ အကုန်တတ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သိသလောက် တတ်သလောက်ကို ကောင်းကောင်းသိ၊ ကောင်းကောင်းတတ်အောင် ကြိုးစား။ လက်တွေ့အလုပ်ဖြစ်လောက်တဲ့ အတိုင်းအတာတခုအထိ ဂဃနဏ ရှင်းလင်းသေချာအောင် တတ်ရင်လုံလောက်ပါပြီ။ လက်မှတ်ပေါ်မှာတတ်ပြီး လက်တွေ့မှာ မတတ်ရင် ဒါဟာ အရှက်ရစရာပဲ။ ဘယ်တော့မှ ပညာဂုဏ်ပုဒ် အကြွေးမတင်စေနဲ့။

ခပ်ကြမ်းကြမ်း ဘဝတခုရဲ့ အစ

အိမ်ပြေး၊ ကျောင်းပြေးကလေး

၁၉၇၈ ခုနှစ်၊ ဧပြီလ (၇)ရက် [အဖေကတော့ မတ်လ (၃၀)ရက်လို့ဆို]၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံဦးကျေးရွာမှာ ကျွန်တော် မွေးဖွါးခဲ့ပါတယ်။ အိမ်ထောင်ကျတဲ့အထိ အဲဒီရွာကလေးမှာပဲ ကြီးပြင်းလာခဲ့ပါတယ်။

ဘဝပေးကြမ်းတမ်းလွန်းတာကြောင့် ၆တန်းတက်နေတုန်း အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ ကြီးပွါးတိုက်တက်အောင် အလုပ်လုပ်တော့မယ် ဆိုတဲ့စိတ်ကူးနဲ့ပါ။ ကျောင်းအပြီးတိုင် ထွက်ခဲ့ရတာသာ အဖတ်တင်ပြီး စိတ်ကူးထဲက ဘဝကတော့ မရခဲ့ပါဘူး။ နွေးထွေးတဲ့ မိဘရင်ခွင်ကို လွမ်းလွန်းလို့ ညများစွာငိုကြွေးရင်း (၁၀)လအကြာမှာ လက်ချည်းဗလာနဲ့ အိမ်ပြန်ရောက်လာ ခဲ့ပါတယ်။

ဘဝဟာ စားရေးတခုမျှလေလား

၁၉၉၄ ခုနှစ်ကနေစပြီး အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင် ခဲ့ပါတယ်။ လယ်ယာလုပ်ငန်း၊ ရိုးရာတောင်ယာလုပ်ငန်း၊ သစ်ဝါးခုတ်.. အလုပ်မျိုးစုံပါပဲ။ လုပ်လိုက်ရတဲ့အလုပ် အစားတလုတ်အတွက် – ဝမ်းတထွာ ဖြည့်ဖို့ သက်သက်ပါ။

ဘဝကို လေးလေးနက်နက် စဉ်းစားသုံးသပ်ခဲ့တဲ့ ညတညကို အခုထိ မှတ်မိနေဆဲပါ။ ကိုယ့်ကိုကိုယ် ပြောနေခဲ့တာကတော့ .. ငါဘဝကို ဒီအတိုင်း ရှေ့ဆက်မသွားနိုင်ဘူး – အစားတလုတ်အတွက် တခုတည်းနဲ့ ရွှံ့နွံထဲ ရုန်းနေရတာ..။ အဲဒါ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ၊ လယ်တောထဲ ဖားအော်သံတွေ ညံနေတဲ့ ညတညမှာပါ။

နည်းသစ်နဲ့တွေ့

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးဖြစ်တဲ့ အရှင်သုမဏ (BA) ပြုစုတဲ့ နည်းသစ် အင်္ဂလိပ်သဒ္ဒါစာအုပ်ကို ကိုယ့်ဟာကိုယ် လေ့လာသင်ယူ ခဲ့ပါတယ်။ အဲ့ဒီ အင်္ဂလိပ်သဒ္ဒါစာအုပ်ထဲက သင်ခန်းစာနဲ့ လေ့ကျင့်ခန်းတွေရဲ့ ၇၅% လောက်ကို ကျေညက် တတ်မြောက်ခဲ့ပါတယ်။

အဲဒီ လေ့လာမှု၊ ကြိုးစားခဲ့ရသမျှရဲ့ ရလဒ်ကတော့ ၂၀၀၄ ခုနှစ် ဇိုခရစ်ယာန်ဓမ္မကောလိပ် ဝင်ခွင့်ကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်စေခဲ့ပါတယ်။

အလျင်လို လမ်းကသွား

ရွာကဦးလေးကြီး တယောက်ဆီက ကြားခဲ့ဖူးတဲ့ စာကားပုံတခုရှိတယ် – “အလျင်လို လမ်းကသွား” တဲ့။ ဟုတ်တာပေါ့။ အတိမ်းအစောင်း မခံတဲ့ အခြေအနေမှာ သေချာတဲ့လမ်းကိုပဲ လိုက်သင့်ပါတယ်။ ဖြတ်လမ်း မလိုက်သင့်ပါ။

ကျွန်တော့်အသက် (၃၀)ကျမှ ကွန်ပျူတာလက်ကွက်ကို စထိခဲ့ရတာပါ။ စာတပုဒ်ကို စီဒီပြားထဲ သိမ်းဖို့တောင် မလွယ်ခဲ့ပါဘူး။ ဒီကနေ့မှာတော့ ကျွန်တော်ဟာ Data Entry ကနေစပြီး Content Writer, Functional Tester, Content Manager, WordPress Designer စသည်စသည်ဖြင့်..

ကျွန်တော်နားလည်တဲ့ ပညာဆည်းပူးခြင်း ဆိုတာ

အတန်းပညာကို ပုံမှန်စာသင်ကျောင်းကနေ သင်ကြားဖို့ အခွင့်အရေး မရှိခဲ့သူတယောက် အနေနဲ့ နန်းတော်ထဲက ဘုရင့်ပွဲတော်တည်တဲ့ နေရာမှာ စားခွင့်မရသည့်တိုင် ဒါကိုစိတ်ပျက်အားငယ်ပြီး ငုတ်တုတ်ထိုင်ငိုနေရုံနဲ့တော့ ဗိုက်ပြည့်လာမှာ မဟုတ်ပါဘူး။ ကိုယ်နေတဲ့ တဲအိမ်လေးထဲမှာပဲ ကိုယ့်ပညာဝမ်းတထွာပြည့်ဖို့ မဖြစ်မနေ၊ မရမက ရှိတာလေးကို ချက်ပြုတ်စားသောက် ရမှာပါပဲ။ စားကောင်းခြင်း မစားရလို့ အငတ်ခံသေမလား၊ ဒါမှမဟုတ် ရှိတာကိုစား အသက်ဆက်မလား – ဘာကိုရွေးမလဲ။

Book ဆိုတာ စာအုပ်လို့ သိထားရင် ဘယ်လိုနည်းနဲ့ပဲ သိလာသိလာ တရားမဝင်ဘူး၊ ပြောဆိုသုံးနှုံးခွင့်မရှိဘူး ဆိုတာမရှိပါဘူး။ သိတာဟာ သိတာပါပဲ။ Book ဆိုတာ စာအုပ်ပါပဲ၊ ဟုတ်ပါတယ်၊ စာအုပ်ပါ။ ပိုကောင်းတာက တတ်ပြီးသား သိပြီးသားကို မတတ်ချင် မသိချင်လို့တောင် မရတော့တာပါ။ အဲ့ဒါကြောင့် Book ဆိုတာ စာအုပ်ဖြစ်မှန်းသိဖို့ ရင်းနှီးရတဲ့ အချိန်နဲ့ကြိုးစားမှုက အားကြီးတန်နေပါသေးတယ်။

ကျွန်တော်ထပ်ပြောပါမယ် – သိပြီဆိုရင် သိတာပဲ၊ တတ်ပြီဆိုရင် တတ်တာပဲ။ သိသလောက် တတ်သလောက်ကို ကောင်းကောင်းသိ ကောင်းကောင်းတတ် ဖို့ကသာ အဓိက။ ဘယ်လောက်များများ သိသလဲ၊ တတ်သလဲ ဆိုတာ အရေးကြီးသလောက် ဘယ်လောက်ကောင်းကောင်း သိသလဲ၊ တတ်သလဲ ဆိုတာကလည်း ထပ်တူ အရေးပါလှ ပါတယ်။ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ သိလာတာ တတ်လာတာပဲဖြစ်ဖြစ်။ ကြိုးစား အားထုတ်မှု တိုင်းက အသိအမှတ်ပြုမှုနဲ့ ထိုက်တန်တယ်၊ ဒါကျွန်တော့်ရဲ့ ခံယူချက်။

ပညာရေးမှတ်တိုင်နှစ်ခု

ဇိုခရစ်ယာန်ဓမ္မကောလိပ်မှာ (၄)နှစ်တာ ဒီပလိုမာတန်းကို ပညာရည်ချွန်ဆု ဆွတ်ခူးပြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီကနေ မလေးရှားနိုင်ငံရဲ့ အကြီးဆုံး ခရစ်ယာန် ကျမ်းစာကျောင်းလို့ ပြောလို့ရတဲ့ Seminari Theoloji Malaysia မှာ သာသနာရေးရာမဟာတန်း (Master of Ministry) ကို ဆက်တက်ခဲ့ပါတယ်။ မူလခရက်ဒစ် နာရီ (၃၀)နှင့် ယူရတဲ့ ဘွဲ့လွန်တန်းကို ဒီပလိုမာကနေ တန်းခုန်တဲ့အတွက် ဖြည့်စွက်နာရီ (၃၀)နဲ့ တနှစ်စာကို ကိုယ်ကနှစ်နှစ်နဲ့ လုပ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ post-graduate level အတွက် graduate level မေဂျာတချို့ မကျန်ခဲ့ဖို့ပါ။

မဟာတန်းပြီးတဲ့ အချိန်မှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေအပြင် အကြောင်းအရာနှစ်ခုကို ရှင်းရှင်းလင်းလင်း သိနားလည် လာခဲ့ပါတယ်။ အဲ့ဒါတွေကတော့၊
(၁) ငါမသိတာ အများကြီးပါလား ဆိုတာကို ကောင်းကောင်းသိနားလည်လာပြီး၊
(၂) မသိတာကို မသိဘူးလို့ ပြောရဲတဲ့ သတ္တိရှိလာပါတယ်။

Licentiate In Theology (L.Th)

Zo Christian College (2004-2008)
Kalay, Myanmar

Master of Ministry (M. Min)

Seminari Theoloji Malaysia (2008-2010)
Seremban, Malaysia

အသက်မွေးလောက်သော အစာအတွက်

ဘဝမှာ အခကြေးငွေနဲ့ ပထမဆုံး စလုပ်ခဲ့တဲ့ အလုပ်ကတော့ ကလေး-တမူးကားလမ်း ကျွန်တော်တို့ရွာအပိုင်းမှာ လမ်းပေါက် ချိုင့်ခွက်တွေကို သဲ၊ မြေစာ စတာတွေနဲ့ ဖြည့်၊ ဖို့၊ ဖာထေးရတဲ့ အရင်အခေါ် ပလက အလုပ်ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် အသက် (၁၃)နှစ် အရွယ်မှာ ဖြစ်ပါတယ်။ တနေ့လုပ်အားခကတော့ (၂၅)ကျပ် ဖြစ်ပါတယ်။

ကလေးအရွယ်မှာ ဘာလို့ဒီအလုပ်ကို လုပ်ခဲ့တာလဲဆိုတာ .. ဒီလိုပါ။ ၄တန်းအောင်ပြီး ၅တန်းတက်ဖို့ကို ရွာကနေ ၈မိုင်လောက်ဝေးတဲ့ စခန်းကြီးရွာမှာ သွားတက်ဖို့ မတတ်နိုင်ခဲ့လို့ (စက်ဘီးလေးတစ်စီး ရှိခဲ့ရင်ကို အဆင်ပြေပါတယ်) တစ်နှစ် ကျောင်းနားခဲ့ရချိန် ဖြစ်ပါတယ်။ နောက်နှစ်မှာ မိဘများက အကျောက်အကန် ကြိုးစားပေးလို့ ပဉ္စမတန်းကို တက်ခွင့်ရခဲ့ပြီး တခန်းလုံးပထမနဲ့ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ ၅တန်းဟာ ကျွန်တော့်ရဲ့ အတန်းပညာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

It's not difficult to start off but to go on, even more so to finish well.

အစပြုရန် မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်၊ ကောင်းစွာအဆုံးသတ်ရန်မှာ ပို၍ခက်ချေသည်။